စီမံရေးရာဌာန

အမည် -Trusty Microfinance Company
ခေါင်းစဉ် - ကျူးကျော်/ပျံကျဈေးသည်များအား ရှင်းလင်းပေးပါရန်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဈေးလမ်းရှိ ကျူးကျော်/ပျံကျဈေးသည်များအား ရှင်းလင်းပေးပါရန် ကမာရွတ်မြို့နယ်ရှိ Trusty Microfinance Company မှ တိုင်ကြားလာသည့် ကိစ္စနှင့်ပတ်သက်၍ ၂၂-၁၂-၂၀၂၂ ရက်နေ့ နံနက်(၀၈:၃၀)မှစ၍ ဆင်မလိုက်ဈေး နောက်ဘက်ဈေး လမ်းပျံကျဈေးသည်များ စည်းကမ်းမဲ့ဈေးရောင်းချမှုမရှိစေရေး၊ လမ်းပိတ်ဆို့ရောင်းချမှု မရှိစေရေး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး+၄ ဦး၊ ဆင်မလိုက်ဈေး ဝန်ထမ်း(၂)ဦး ပူးပေါင်း၍ စည်းကမ်းထိန်းဆောင်ရွက်လျက်ရှိပြီး အဆိုပါဈေးလမ်းတစ်လျှောက် (၁၂:၀၀)နာရီနောက်ပိုင်း စည်းကမ်းမဲ့ဈေးသည်များ ဈေးရောင်းချမှု လုံး၀မရှိစေရေး ပူးပေါင်းအဖွဲ့ ဖြင့် နေ့စဉ် စဉ်ဆက်မပြတ် စည်းကမ်းထိန်းရှင်းလင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် -ကိုမျိုး
ခေါင်းစဉ် - ကျူးကျော်အရက်ဆိုင်အားဖယ်ရှားပေးပါရန်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ သခင်ဖိုးလှကြီးလမ်းနှင့် အင်ကြင်းလမ်းထိပ် တွင်ရှိသော ကျူးကျော်နေထိုင်သည့် အရက်ဆိုင်သည် တဖြည်းဖြည်းနေရာယူလာခြင်း၊ ထိုဆိုင်မှ အရက်သမားများသည် အမြဲဆူပူ အော်ဟစ်နေခြင်းတို့ကြောင့် ဖယ်ရှားပေးပါနိုင်ရန် တိုင်ကြားသူ ကိုမျိုး၏ တိုင်ကြားစာနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စဖြစ်၍ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြထားပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ခံဝန်ကတိရယူခြင်း၊ ရပ်ကျေးဥပဒေနှင့်အညီ အရေးယူခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် -ဦးဖြိုးဝေအောင်
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၁၂)၊ ဦးဘဟန်လမ်း၊ င/ခရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
ခေါင်းစဉ် - ရေမြောင်းများ လျှံထွက်ခြင်း

ကော်မတီမှ ပြန်ကြားချက်

သင်္ဃန်းကျွန်းမြို့နယ်၊ င/ခ ရပ်ကွက်၊ ဦးဘဟန်လမ်း၊ ဇာဝေယာလမ်းထိပ်တွင် ရေမြောင်းပိတ်ဆို့မှု နေရာအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ အင်ဂျင်နီယာဌာန(ရေစီးရေလာ) မြို့နယ်တာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ ၂၅-၂-၂၀၂၂ ရက်နေ့မှ ၃-၃-၂၀၂၂ ရက်နေ့အထိ လူအင်အား(၁၀)ဦးပါဝင်သောအဖွဲ့ဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဒေါ်ဇွန်စိမ်းလဲ့ရွန်း
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၇၁)၊ ဆင်ရေကန်လမ်း၊ ဂဠုန်ရပ်ကွက်၊ အလုံမြို့နယ်။
ခေါင်းစဉ် - ကားပါကင်အခက်အခဲကိစ္စ

ကော်မတီမှ ပြန်ကြားချက်

အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ဆင်ရေကန်လမ်း၊ အမှတ်(၇၁) မြေညီထပ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ကာ ယင်းတိုက်ရှိ ကားများ နေ့/ည ပေးမရပ်ခြင်း၊ မရပ်ပါက ထမီ၊ ပုဆိုးများ လှန်းထားခြင်း၊ ကားဘီးများ၊ အင်္ကျီတန်းများထားကာ ပိတ်ထားခြင်းတို့ကြောင့် ကားပါကင်အခက်အခဲဖြစ်ပေါ် နေသဖြင့် ဌာနအနေဖြင့် ကူညီဖြေရှင်းပေးနိုင်ပါရန် ဒေါ်ဇွန်စိမ်းလဲ့ရွှန်းမှ တင်ပြခြင်းနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ၂-၁၂-၂၀၂၁ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ အမှတ်(၇၁)၊ မြေညီ(ဝဲ)ခန်းမှ “Double Cool” အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျော်စက် ရောင်းဝယ် ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ထိုက်ထိုက်ဝင်းနှင့် မြေညီ(ယာ)ခန်းမှ ဒေါ်ခင်ဝါဝါမြင့်တို့အား ရုံးသို့ခေါ်ယူ၍ လမ်းပေါ်တွင် ယာဉ်များစနစ်တကျ ရပ်တန့်နိုင်သောကြောင့် ကားအတားအဆီး များချထားခြင်း၊ မိမိလုပ်ငန်းလုပ်ကိုင်သည့် ပစ္စည်းများ၊ ရောင်းချသည့်ပစ္စည်းများအား လမ်းသားပေါ်တွင် ခင်းကျင်းချထားခြင်းများ မပြုလုပ်ရန်နှင့် အဖီအဆွယ်များ၊ အဝတ်လှန်းထားခြင်းများ မပြုလုပ်ရန် ၎င်းတို့(၂)ဦးအား ခံဝန်ကတိလက်မှတ်ရေးထိုးဆောင်ရွက်ပြီးကြောင်းနှင့် ၃-၁၂-၂၀၂၁ရက်နေ့တွင် အတားအဆီးများအား ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးမောင်မြင့်
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၅၅)၊ ရတနာလမ်းသွယ်၊ မိချောင်းကန်အပိုင်း(၂)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
ခေါင်းစဉ် - လမ်းရေလျှံမှုကိစ္စ

ကော်မတီမှ ပြန်ကြားချက်

သင်္ဃန်းကျွန်းမြို့နယ်၊ မိချောင်းကန်အပိုင်း(၂)ရပ်ကွက်၊ ရတနာလမ်းသွယ် လမ်းရေလျှံမှုအား ၂၅-၉-၂၀၂၁ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးရန်နိုင်လင်း
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၁၆/၂၀)၊ ၄၃လမ်း၊ (၆)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်။
ခေါင်းစဉ် - ကြေးမုံသတင်းစာတိုက်မှ ယာဉ်နေရာဦးခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ဗိုလ်တထောင်မြို့နယ်၊ ၄၃-လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ကြေးမုံသတင်းစာတိုက် ပုံနှိပ်တိုက်မှ ကမ်းနားလမ်း(၎င်းတို့မျက်စာနှာ)နှင့် ၄၃-လမ်း(၎င်းတို့ဘေးဖက်)တွင် ယာဉ်များရပ်ထားခြင်းအပြင် နေ့ရောညပါ နေရာဦးထားခြင်းရှိနေပြီး ညှိနှိုင်းသည့်အခါတွင်လည်း ရိုင်းပြစွာပြောဆို ရန်လုပ်ခြင်းများရှိပါသဖြင့် ဌာနအနေဖြင့် ကူညီဖြေရှင်းပေးနိုင်ပါရန် ဦးရန်နိုင်လင်းမှ တင်ပြခြင်းနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်ကာ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ အမှတ်(၂၂/၃၀)၊ (၆)ရပ်ကွက်၊ ၄၃-လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေးမုံသတင်းစာ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သည့်နေရာဖြစ်ပြီး ၄၃-လမ်းအနောက်ဖက်ခြမ်းတွင် ပစ္စည်းအတင်/အချပြုလုပ်ရန်နှင့် အခြားမော်တော်ယာဉ်များ ရပ်နားမှုမရှိစေရေးအတွက် ကြိုတင်နေရာဦး အတားအဆီးများထားရှိခြင်း၊ ပုံနှိပ်တိုက်မှ လုပ်ငန်းသုံးမော်တော်ယာဉ်(၅)စီးနှင့် ဝန်ထမ်းကြိုပို့ယာဉ်(၃)စီး ရပ်နားသွား/လာနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပုံနှိပ်တိုက်မှ တာဝန်ရှိသူဝန်ထမ်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးသို့ခေါ်ယူ၍ အသိပေးပြောကြားပြီး လိုက်နာခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈ခုနှစ်)ပါ လုပ်ထုံး/လုပ်နည်းများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပြီး ကြိုတင်နေရာဦးသည့် အတားအဆီးများအား ၂၄-၁-၂၀၂၁ရက်နေ့တွင် ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းနှင့် ထပ်မံ လုပ်ဆောင်မှုမရှိစေရေး မြို့နယ်စည်ပင်သာယာရေးကော်မတီက ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးကျော်မြတ်နိုးအောင်
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၃)၊ အောင်ချမ်းသာလမ်း၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်။
ခေါင်းစဉ် - ကားနေရာဦးနှင့်ပလက်ဖောင်းဈေးရောင်း

ကော်မတီမှ ပြန်ကြားချက်

မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ အဖွဲ့ဝင်(၂)၊ လက်ထောက်အုပ်ချုပ်ရေးမှူး၊ အမှတ်(၇)ရပ်ကွက်တာဝန်ခံတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးရာ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့ ပလက်ဖောင်းစင်္ကြန်မှာ ပျက်စီးနေ၍ ပြန်လည်ပြုပြင်ရန်ဖြစ်ပြီး ရေမြောင်းပေါ်ကျူးကျော်နေသော ပစ္စည်းများအား ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်း၊ အထက်ပုဇွန်တောင်လမ်းတစ်လျှောက် ပလက်ဖောင်းနှင့် ရေမြောင်းပေါ်တွင် အများပြည်သူများ အနှောင့်အယှက်ဖြစ်စေနိုင်သော ပစ္စည်းများ ပိတ်ဆို့ထားမှုများ မရှိစေရန် နေ့စဉ် ရုံးသုံးယာဉ်ဖြင့် လှည့်ရှင်းစနစ်ဆောင်ရွက်၍ စဉ်ဆက်မပြတ် ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးကျော်မင်း
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၂၆)၊ ရတနာလမ်း၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ်။
ခေါင်းစဉ် - နောက်ဖေးလမ်းကြားအမှိုက်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်တာဝန်ခံ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့ဖြင့် (၂၂-၁၂-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ရတနာလမ်း နောက်ဖေးလမ်းကြားတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားသည်ကို တွေ့ရှိရသဖြင့် ရတနာလမ်း၊ အမှတ်(၂၆) တိုက်နေပြည်သူများအား စမ်းချောင်းမြို့နယ်၊ ရတနာလမ်းကြားများရှိ အမှိုက်များအား ၂၀၁၇ ခုနှစ်တွင် စီမံချက်ဖြင့် ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လမ်းသာယာရေးအဖွဲ့တို့အား အပ်နှံထားပြီး နောက်ဖေးလမ်းကြားများသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့သည်။ သို့ဖြစ်ပါ၍ အကြံပြုစာပါအတိုင်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ရတနာလမ်း နောက်ဖေးလမ်းကြား ရှင်းလင်းဆောင်ရွက်မှုအား စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် -Trusty Microfinance
ဆက်သွယ်ရမည့်လိပ်စာ -ကမာရွတ်မြို့နယ်
ခေါင်းစဉ် - စည်ပင်မြေကျူးကျော်ထားခြင်းအားထိရောက်စွာအရေးယူပေးပါရန်တင်ပြခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ စျေးလမ်း၊ ဆင်မလိုက်စျေး၊ အနောက်ပေါက်တွင် အသားငါးရောင်းချနေသော စျေးဆိုင်သည် အိမ်ရှေ့တွင် ရေမြောင်းအား ၅ပေ ကျူးကျော်၍ စျေးဆိုင်ဖွင့်လှစ်ထားသည့်အပြင် မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင်လည်း ကားရပ်၍မရအောင် လှည်းများ၊ စျေးခုံများချထား၍ ကျူးကျော်လျှက်ရှိပါသဖြင့် ပတ်ဝန်ကျင်းမှ ကားများရပ်ရန် နေရာမရှိဖြစ်နေရပါသည်။ ထို့ပြင် စျေးလမ်းအတွင်းရှိအိမ်တိုင်းနီးပါးသည် အိမ်ရှေ့တွင် ကားရပ်မရအောင် နည်းမျိုးစုံဖြင့် တားဆီးနေမှုအား ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူပေးပါရန် Trusty Microfinance မှ တင်ပြခြင်းနှင့် ပတ်သက်၍ (၃-၁၁-၂၀၂၀) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ဉီးဆောင်၍ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူစစ်ဆေးခဲ့ရာ စျေးလမ်း၊ တိုက်အမှတ် (၇၇၀)၊ အခန်း(၀၀၂)၊ မြေညီထပ်နေ ဦးခင်လတ်မှ အခန်းရှေ့တွင် တာလပတ်အမိုးပြုလုပ်၍ နံနက်ပိုင်းထမင်းကြော်၊ ကြက်သားနှင့် ကုန်စိမ်းများ ရောင်းချသည့်ခုံများအား ခင်းကျင်းထားခြင်းနှင့် မျက်နှာချင်းဆိုင် ဆင်မလိုက်စျေးနောက်တွင် စျေးရောင်းချသည့်ခုံများချထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စျေးရောင်းချသူအား လမ်းပေါ်တွင် ပစ္စည်းများစုပုံမထားရန်နှင့် နေ့လည်(၁၂:၀၀) နောက်ပိုင်းတွင် စျေးရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဉပဒေ(၂၀၁၈ခုနှစ်)ပါ လုပ်ထုံး/လုပ်နည်းများနှင့်အညီ အရေးယူခြင်းခံရမည်ကို အသိပေးပြောကြားခဲ့ပြီး လမ်းပေါ်တွင်ခုံများချ၍ နေရာဦးခြင်း/စျေးခုံများချထားခြင်းအား (၄-၁၁-၂၀၂၀)ရက်နေ့တွင် ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းနှင့် ထပ်မံကျူးကျော်မှု မရှိစေရေး မြို့နယ်စည်ပင်သာယာရေးကော်မတီက ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန်ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ကိုမျိုးဝင်းရီ
ဖုန်းနံပါတ် - ၀၉၄၃၀၅၀၀၄၇
ခေါင်းစဉ် - လမ်းနယ်ကျူးရှင်းလင်းခြင်း

ကော်မတီမှ ပြန်ကြားချက်

မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉီးဆောင်၍ ဝန်ထမ်းများပါဝင်သော အဖွဲ့ဖြင့် ၂၈-၁၀-၂၀၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ရာ တာမွေကြီး(ခ)ရပ်ကွက်၊ ကျိုက္ကဆံလမ်းမပေါ်၊ အမှတ်(၄၅၁)၊ ဒေါ်ခင်ဝင်း၏ သံပန်း သံတံခါး အရောင်းဆိုင်မှ ကားရပ်နားရန်အတွက် ယာဉ်အတားအဆီးသဖွယ် စက်ဘီးများရပ်နားထားခြင်းကို စစ်ဆေးတွေ့ရှိရ၍ စက်ဘီးများ ရပ်နားခြင်းမပြုရန် ပိုင်ရှင်ဖြစ်သူ ဒေါ်ခင်ဝင်းအား အသိပေးရှင်းပြ၍ တစ်ပါတည်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယခုအခါ တိုက်နေကားများနှင့် အခြားမှ လာရောက်သည့် ကားများ ရပ်နားနေပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တင်ပြစာပါအတိုင်း တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ တာမွေအခွန်လွတ်စျေးအနီး၊ ပြည်သူပိုင်နေရာကို ကိုယ်ကျိုးအတွက် အသုံးပြုထားရှိမှုအား ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ကိုဟိန်းသီဟ
ဆက်သွယ်ရမည့်လိပ်စာ -အမှတ်(၆၁)၊ ၂(ဒီ)၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်။
ခေါင်းစဉ် - လူသွားစင်္ကြန်ပိတ်ဆို့ခြင်း

ကော်မတီမှ ပြန်ကြားချက်

မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်၍ လက်ထောက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်တာဝန်ခံစာရေးနှင့် ဝန်ထမ်းများပါဝင်သော အဖွဲ့ဖြင့် ၁၄-၈-၂၀၂၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဗိုလ်ရာညွန့်လမ်း၊ အမှတ်(၅၉)ရှေ့တွင် မော်တော်ယာဉ်(၂)စီး ရပ်နားလျက်ရှိကြောင်း၊ လူသွားစင်္ကြန်ပေါ်တွင် ထမင်းဆိုင်(၂)ဆိုင်၊ အကင်ဆိုင်(၁)ဆိုင်၊ ကွမ်းယာဆိုင်(၁)ဆိုင် ရောင်းချလျက်ရှိကြောင်းနှင့် ဈေးဆိုင်များမှာ ရောင်းချပြီးချိန်တွင် တစ်ပါတည်း သယ်ယူသိမ်းဆည်းခြင်းမပြုဘဲ လူသွားစင်္ကြန်ပေါ်တွင် ထားရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀-၈-၂၀၂၀ ရက်နေ့တွင် ယာဉ်ပိုင်ရှင်(၂)ဦးနှင့် လမ်းဘေးဈေးသည်(၄)ဦးအား မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးသို့ ခေါ်ယူတွေ့ဆုံကာ လူသွားစင်္ကြန်ပေါ်တွင် မော်တော်ယာဉ်ပိတ်ဆို့ရပ်နားခြင်းမပြုဘဲ လမ်းပေါ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စနစ်တကျရပ်နားစေရေး၊ လမ်းဘေးဈေးသည်များအား ရောင်းချလျက်ရှိသည့် ဆိုင်များကို အပြီးဖယ်ရှားရှင်းလင်းရေး၊ လူသွားစင်္ကြန်၊ လမ်းနယ်နှင့် စည်ပင်မြေပေါ်တွင် ဈေးရောင်းမှုမရှိစေရေး အသိပေးရှင်းလင်းပြောကြားကာ သိရှိလိုက်နာနိုင်ရေး ခံဝန်ကတိပြုမှတ်တမ်းများ ရယူခဲ့ပါသည်။ သို့ဖြစ်ပါ၍ အကြံပြုစာပါအတိုင်း ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းပေါ်တွင် မော်တော်ယာဉ်များ ပိတ်ဆို့ရပ်နားခြင်းနှင့် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချမှုတို့အား ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် အရေးယူဆောင်ရွက်မှုတို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - တင့်လင်းထွန်း
ဝန်ထမ်း/ရာထူး - ဆရာဝန်
ဝန်ကြီးဌာန/ကုမ္ပဏီအမည်- ကြယ်ဖြူဆေးခန်း
ဆက်သွယ်ရမည့်လိပ်စာ - ၉၇၊ လှည်းတန်းလမ်း၊ လမ်းမတော်။
ခေါင်းစဉ် - ကားလမ်းပိတ်ဆို့ခြင်း

ကော်မတီမှ ပြန်ကြားချက်

ခရိုင်နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ပူးပေါင်းအဖွဲ့များဖြင့် ၂၆-၇-၂၀၁၆ ရက်နေ့ တွင် လမ်းမတော်လမ်း(အလယ်) တွင်ရပ်ထားသော ယာဉ်များအား စာရင်းကောက်ယူ စစ်ဆေးခဲ့ပြီး ရပ်ခွင့်ရှိသော ကားပါကင်တွင် ကြာရှည်ရပ်တန့်ထားသည့် ယာဉ် (၆) စီး၏ ပိုင်ရှင်များအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူကာ ယာဉ်များအားကြာရှည်စွာ ရပ်တန့်ထားပါက စည်ပင်သာယာရေး ဥပဒေ (၆၃) (ဍ) ကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ယာဉ်များအား ကုန်တင်/ကုန်ချ ပြုလုပ်ပြီးပါက ပြန်ထွက်ရန် ရှင်းပြခဲ့ပြီး (၂၈-၇-၂၀၁၆) ရက်နေ့မှ စတင်အရေးယူမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။ အဆိုပါ အဖွဲ့များသည် (၂၈-၇-၁၆) နှင့် (၄-၈-၂၀၁၆) ရက်နေ့တို့တွင် လမ်းမတော်လမ်း တလျှောက် စည်းကမ်းမဲ့ ရပ်တန့်ထားသောယာဉ်များကို စစ်ဆေးအရေးယူခဲ့ရာတွင် စည်းကမ်းမဲ့ (၂) ထပ်ရပ်ထားသောယာဉ် စုစုပေါင်း (၅) စီး ကိုအရေးယူခဲ့ပါသည်။ သို့ဖြစ်ပါ၍ အကြံပြုစာပါအတိုင်း လမ်းမတော်လမ်းတလျှောက် အချိန်ကြာမြင့်စွာ ရပ်တန့် ထားသောယာဉ်များ နှင့် စည်းကမ်းမဲ့ ရပ်တန့်ထားသောယာဉ်များအား ရှင်းလင်းဆောင်ရွက်ထားရှိမှု နှင့် အရေးယူဆောင်ရွက်မှုတို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးကျော်ဇေယျာဝင်း
ခေါင်းစဉ် - လုပ်ငန်းလိုင်စင်လျှောက်ထားရန်။

ကော်မတီမှ ပြန်ကြားချက်

လုပ်ငန်းလိုင်စင်လျောက်ထားရန် လိုအပ်သော အထောက်အထားများနှင့် လုပ်ထုံးလုပ်နည်းများအား YCDC ၏ Webportal ရှိ Online လိုင်စင်လျောက်ထားခြင်း Webpage ၏သိကောင်းစရာ ကဏ္ဍတွင် အသေးစိတ် ဖော်ပြထားပါသည်။
လိုင်စင်ကြေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ပမာဏပေါ်မူတည်၍ အနိမ့်ဆုံး ကျပ် (၈၀၀၀) မှ ကျပ် (၁၀)သိန်းထိ (၂၂)ဆင့် သတ်မှတ်၍ စည်းကြပ်လျက်ရှိပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ကော်မတီအစည်းအဝေးသို့ တင်ပြ၍ လိုင်စင်ကြေး (၁၀)သိန်းအထက် စည်းကြပ်ကောက်ခံလျက် ရှိပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC