ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ

PDF

ရန်ကုန်တိုင်းဒေသကြီး အစိုးရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ်၊ ၂/ ၂ဝ၁၄

၁၃၇၆ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်

(၂ဝ၁၄ ခုနှစ် သြဂုတ်လ၊ ၆ ရက်)

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၈၅၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကိုဆိုသည်။
(ခ) ကော်မတီ ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုဆိုသည်။
(ဂ) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ကိုဆိုသည်။
(ဃ) အဆောက်အအုံ ဆိုသည်မှာ မည်သည့်ဆောက်လုပ်ရေး ပစ္စည်းဖြင့်မဆို ယာယီသို့မဟုတ် အမြဲတမ်းဆောက်လုပ်သည့် အိမ်၊ တိုက်၊ တဲ၊ တစ်ဖက်ယပ်၊ အမိုးပါရှိသောအခြားအဆောက်အအုံ သို့မဟုတ် ယင်းတို့၏ အစိတ်အပိုင်းကိုဆိုသည်။ ယင်းစကားရပ်တွင် အဆောက်အအုံနံရံ၊ မြေထိန်းနံရံ၊ အကာအရံ၊ ဝင်းတံခါး၊ ခြံစည်းရိုး၊ ဝင်းထရံ၊ ဇာတ်ခုံ၊ တိုင်၊ ကျားထောက်နှင့် အဆောက်အအုံ၏ အကြမ်းထည်တို့လည်းပါဝင်သည်။
(င) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း ဆိုသည်မှာ အဆောက်အအုံတစ်ခုခုကို အသစ် ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း သို့မဟုတ် အသေးစား ပြင်ဆင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းနှင့် ဖြိုဖျက်ခြင်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက် အအုံနှင့် အဆောက်အအုံဆိုင်ရာ အစိတ်အပိုင်း ဖြိုဖျက်ခြင်းလည်းပါဝင်သည့်အပြင် အဆောက်အအုံ လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မြေပြုပြင်ခြင်း၊ အုတ်မြစ်တူးဖော်ခြင်း နှင့် အခြား လိုအပ်သည့် ပြင်ဆင်ခြင်း၊ ဆောင်ရွက်ခြင်းများလည်း ပါဝင်သည်။
(စ) အဆောက်အအုံအသေးစားပြင်ဆင်ခြင်း ဆိုသည်မှာ မူလအဆောက်အအုံ အရွယ်အစားနှင့် မူလ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို မပြောင်းလဲစေဘဲ တစ်စိတ်တစ်ပိုင်းပြင်ဆင်ခြင်းကို ဆိုသည်။
(ဆ) အဆောက်အအုံအကြီးစားပြင်ဆင်ခြင်း ဆိုသည်မှာ မူလအဆောက်အအုံကို တိုးချဲ့ခြင်း၊ မြှင့်ခြင်း၊ နှိမ့်ခြင်း၊ အုတ်မြစ်အသစ်ပြုလုပ်ခြင်းတို့ မပြုလုပ်ဘဲ မူလပစ္စည်းအမျိုးအစား သို့မဟုတ် ထို့ထက် ပိုမိုကောင်းမွန် ခိုင်ခံ့သော ပစ္စည်းကို ပြောင်းလဲသုံးစွဲပြီးပြင်ဆင်ခြင်းကို ဆိုသည်။
(ဇ) တိုးချဲ့ဆောက်လုပ်ခြင်း ဆိုသည်မှာ မူလဆောက်လုပ်ပြီး အဆောက်အအုံကို တိုးချဲ့ခြင်း၊ မြှင့်ခြင်း၊ ရှေ့နောက်နှင့် ဘေးဝဲယာတို့တွင် အဖီနှင့် အဆွယ်များ ဖြည့်စွက်ဆောက်လုပ်ခြင်းတို့ကို ဆိုသည်။
(စျ) အသစ်ဆောက်လုပ်ခြင်း ဆိုသည်မှာ မြေကွက်လတ်တွင်ဖြစ်စေ၊ အဆောက်အအုံတစ်ခု၏ နေရာ တွင်ဖြစ်စေ အသစ်ဆောက်လုပ်ခြင်းကို ဆိုသည်။
(ည) ဖြိုဖျက်ခြင်း ဆိုသည်မှာ အဆောက်အအုံတစ်ခုလုံးဖြစ်စေ၊ ယင်း၏နံရံဖြစ်စေ၊ ယင်း၏ အဓိက အစိတ်အပိုင်းဖြစ်စေ၊ ယင်းနှင့် ဆက်စပ်နေသော အစိတ်အပိုင်းတစ်ခုခုဖြစ်စေ မူလပုံသဏ္ဌာန်မှ ပြောင်းလဲသွားစေရန် သော်လည်းကောင်း၊ မူလပုံစံတစ်ခုလုံး ပျက်ယွင်းသွားစေရန် သော်လည်းကောင်း ဆောင်ရွက်ခြင်းကို ဆိုသည်။
(ဋ) ပိုင်ရှင် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ သို့မဟုတ် မြေကွက်ပိုင်ဆိုင်သူကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက်အအုံ သို့မဟုတ် မြေကွက်ငှားရမ်းခများကို မိမိအတွက် ဖြစ်စေ၊ ကိုယ်စားလှယ်အဖြစ်ဖြင့် ဖြစ်စေ၊ ပစ္စည်းထိန်းအဖြစ်ဖြင့်ဖြစ်စေ လက်ခံရယူသူ သို့မဟုတ် လက်ခံရယူ မည့် သူများလည်း ပါဝင်သည်။
(ဌ) နေထိုင်အသုံးပြုသူ ဆိုသည်မှာ မြေ သို့မဟုတ် အဆောက်အအုံတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ နေထိုင်သူ သို့မဟုတ် အသုံးပြုသူကိုဆိုသည်။
(ဍ) တဲအဆောက်အအုံ ဆိုသည်မှာ အပြင်နံရံများနှင့် အမိုးကို ဝါး၊ ဓနိ၊ သက်ငယ် သို့မဟုတ် အခြား မီးလောင်လွယ်သော ပစ္စည်းများဖြင့် အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ တည်ဆောက်ထားသည့် အဆောက်အအုံကို ဆိုသည်။
(ၓ) နစ်နာသူ ဆိုသည်မှာ အဆောက်အအုံ ဆောက်လုပ်ခြင်းကြောင့် မိမိပိုင်အဆောက်အအုံတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ မိမိပိုင်ပစ္စည်း တစ်ခုခုကိုဖြစ်စေပျက်စီးဆုံးရှုံးခြင်းခံရသူကိုဆိုသည်။
(ဏ) ဆိုင်းဘုတ် ဆိုသည်မှာ ရုံး ၊ ဌာနတစ်ခုခု ၊ အဖွဲ့အစည်းတစ်ခုခု၏ ကိုယ်စားပြုအမည် ရေးသား ချက်များကို စီးပွားရေးအလို့ငှာ မဟုတ်ဘဲ အများသိသာရန် ချိတ်ဆွဲ၊ စိုက်ထူ၊ တပ်ဆင်၊ ရေးသား ထားခြင်းကို ဆိုသည်။
(တ) ကြော်ငြာ ဆိုသည်မှာ ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လျှပ်စစ် သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ စီးပွားရေးအလို့ငှာ ဖော်ပြလိုသည့် အကြောင်း အရာများကို အများသိစေရန် ချိတ်ဆွဲ၊ စိုက်ထူ၊တပ်ဆင်၊ ရေးသားထားခြင်းကို ဆိုသည်။

အခန်း(၂)

အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားခြင်း၊ ခွင့်ပြုခြင်း

၃။ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် သတ်မှတ်ချက်များ နှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။
၄။

ကော်မတီသည် နည်းဥပဒေ (၃) အရ လျှောက်လွှာကို စိစစ်ပြီး-

(က) မြေပိုင်ဆိုင်မှု မှန်ကန်ပါက အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း ခွင့်ပြုမပြုကို လျှောက်ထားသူ အား လျှောက်လွှာလက်ခံရရှိသည့်နေ့မှ နှစ်လအတွင်း အကြောင်းကြားရမည်။
(ခ) လျှောက်လွှာတွင် လိုအပ်ချက်များရှိပါက လာရောက်ဖြည့်စွက်ရန် လျှောက်ထားသူထံ အကြောင်း ကြားရမည်။ အကြောင်းကြားသည့်နေ့မှ စတင်ရေတွက်ပါက သုံးလပြည့်သည့်နေ့ရက်ထိ လာရောက် ဖြည့်စွက်တင်ပြခြင်း မရှိပါက လျှောက်ထားသူ၏ ဆောက်လုပ်ခွင့်အမှုတွဲကို ပယ်ဖျက် နိုင်သည်။
၅။ ကော်မတီသည် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ချက်များရှိသော်လည်း တည်ဆဲအဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုနိုင်သည်။
၆။ ကော်မတီသည် ပိုင်ဆိုင်မှုအတည်မပြုနိုင်သည့် မြေကွက်များတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားလာပါက မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်ရန်အလို့ငှာ သုံးထပ်ထက်မပိုသော အဆောက်အအုံများကို မြေပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ဘဲ ခွင့်ပြုနိုင်သည်။
၇။ ကော်မတီသည် ဆောက်လုပ်ခွင့်လျှောက်ထားလာသည့် အဆောက်အအုံများတွင် ယာဉ်ရပ်နားရန်နေရာ အပါအဝင် မြို့ပြဆိုင်ရာလိုအပ်ချက်များကို ထည့်သွင်းဆောက်လုပ်ရန်ညွှန်ကြားနိုင်သည်။
၈။ ကော်မတီသည်-
(က) အဆောက်အအုံအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးရမည့် သက်တမ်းကာလကို အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်တွင် သတ်မှတ်ပေးရမည်။
(ခ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် အမိန့်ထုတ်ပေးသည့်နေ့မှ စတင်၍ တစ်နှစ် အတွင်း စတင်ဆောင်ရွက်ခြင်းမပြုပါက လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။
၉။ အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-
(က) ကော်မတီက ထုတ်ပေးသော အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို အများ ပြည်သူမြင်နိုင်စေရန် အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းနေရာတွင် ခွင့်ပြုမိန့်ရရှိသူ၏ အမည်၊ ကြီးကြပ်သူ အင်ဂျင်နီယာနှင့် ကန်ထရိုက်တာတို့၏အမည်၊ လိုင်စင်အမှတ်၊ ခွင့်ပြုသည့် သက်တမ်း ကာလနှင့် ခွင့်ပြုသည့် အဆောက်အအုံဆိုင်ရာ အချက်အလက်များကို ဖော်ပြထားသည့် ဆိုင်းဘုတ်ကို စွဲကပ်ထား ရမည်။
(ခ) ကော်မတီက ခွင့်ပြုသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ရမည်။
(ဂ) ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်ကွဲလွဲခြားနားသည့် အဆောက်အအုံ ဆောက်လုပ်ရန် အကြောင်းပေါ်ပေါက်ပါက ကွဲလွဲခြားနားသည့်ပုံစံအတိုင်းဆောက်လုပ်ခွင့်ရရှိနိုင်ရေးအတွက် ပြင်ဆင်ဆောက် လုပ်လို​သော အဆောက်အအုံ ပုံစံနှင့်အတူ ကော်မတီသို့ထပ်မံလျှောက်ထားရမည်။
(ဃ) ခိုင်လုံသောအထောက်အထားတင်ပြနိုင်ပါက အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် အမိန့်ကို သက်တမ်းတိုးမြှင့်ပေးရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။
၁၀။ ကော်မတီသည်-
(က) နည်းဥပဒေ ၉၊ နည်းဥပဒေခွဲ(ဂ)အရ လျှောက်ထားချက်ကိုစိစစ်ပြီး အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ဆိုင်ရာ စည်းကမ်းချက်များနှင့်ညီညွတ်ပါက ပြင်ဆင်ဆောက်လုပ်လိုသော အဆောက်အအုံပုံစံကို ခွင့်ပြုနိုင် သည်။
(ခ) နည်းဥပဒေ ၉၊ နည်းဥပဒေခွဲ(ဃ)အရ လျှောက်ထားချက်ကိုစိစစ်ပြီး အကြောင်းခိုင်လုံပါက တစ်ကြိမ် လျှင် တစ်နှစ်စီဖြင့် သက်တမ်းတိုးမြှင့်ပေးနိုင်သည်။
၁၁။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်နှင့်ဆက်စပ်လျက်ရှိသော နေထိုင်သူများ၏ အဆောက်အအုံများ၊ ပစ္စည်းများ၊ အသက်အန္တရာယ်၊ ကျန်းမာရေး သို့မဟုတ် လမ်းသွားလမ်းလာများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို မထိခိုက်စေရန် ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်။
၁၂။ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရာတွင် ယင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံတစ်ခုခု သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုခု ပျက်စီး ချို့ယွင်းမှုပေါ်ပေါက်ပါက နစ်နာသူသည် ကော်မတီသို့ကန့်ကွက်လွှာတင်နိုင်သည်။
၁၃။ ကော်မတီသည်နည်းဥပဒေ ၁၂ အရ နစ်နာသူကတင်ပြလာသော ကန့်ကွက်လွှာနှင့် စပ်လျဉ်း၍ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီးအမှန်တကယ်နစ်နာကြောင်းတွေ့ရှိပါက အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင် ခွင့်ရသူနှင့် ညှိနှိုင်း၍ ပျက်စီးမှုတန်ဘိုးနှင့်လျော်ညီသည့် လျော်ကြေးကိုသတ်မှတ်ပေးရမည်။
၁၄။ နည်းဥပဒေ ၁၃ အရကော်မတီက ညှိနှိုင်းသတ်မှတ်ပေးသည့် လျော်ကြေးကို ကာယကံရှင်များက လက်မခံ လျှင်ဖြစ်စေ၊ ကော်မတီက ညှိနှိုင်းသတ်မှတ်ပေးနိုင်ခြင်းမရှိလျှင်ဖြစ်စေ နစ်နာသူသည် တည်ဆဲဥပ​ဒေများ နှင့်အညီ လျော်ကြေးရရှိစေရေးအတွက် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားရန်ညွှန်ကြားနိုင်ပြီး ကော်မတီသည် ယင်းအဆောက် အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောက်လုပ်ရန် သို့မဟုတ် ရပ်ဆိုင်းရန် ညွှန်ကြားနိုင်သည်။
၁၅။ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်- (က)
(က) ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ပန္နက်ချ မချ၊ လမ်းနယ်သတ်မျဉ်း ကြောင်း၊ အဆောက်အအုံ နယ်သတ်မျဉ်းကြောင်းများ ချမှတ်ရာတွင် မှန်ကန်ခြင်း ရှိ မရှိ၊ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ညီညွတ်ခြင်း ရှိ မရှိတို့ကို ကော်မတီက တာဝန်ပေး အပ်ထားသော အဆောက်အအုံ အင်ဂျင်နီယာ၏ စစ်ဆေးခြင်းကိုခံယူရမည်။
(ခ) လမ်းဆုံ၊ လမ်းခွနေရာများ၊ အချက်အချာကျသည့်နေရာများ သို့မဟုတ် ကော်မတီက သတ်မှတ် ထားသည့် နေရာများတွင် ဆောက်လုပ်မည့် အဆောက်အအုံကို ဗိသုကာဆိုင်ရာ လိုအပ်ချက်များ နှင့် ညီညွတ်စေရန် သို့မဟုတ် လမ်းသွားလမ်းလာနှင့် ယာဉ်များအတွက် မြင်ကွင်းဖုံးကွယ်မှု မဖြစ်စေရန် ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆောက်လုပ်ရမည်။
၁၆။ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသည် အဆောက်အအုံများကို ဆောက်လုပ်လိုပါက သတ်မှတ် ထားသော ပညာအရည်အချင်းနှင့်ပြည့်စုံသည့် လိုင်စင်ရအင်ဂျင်နီယာတစ်ဦးဦး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောက်လုပ်ရမည်။
၁၇။ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုသည် နည်းဥပဒေ ၁၆ အရ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ကော်မတီသို့ဆောက်လုပ်ခွင့်လျှောက်ထားရမည်။
၁၈။ တဲအဆောက်အအုံဆောက်လုပ်ခြင်းနှင့် အဆောက်အအုံအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းမှအပ အခြား အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် ဆောက်လုပ်ခြင်းလုပ်ငန်းကို လိုင်စင်ရ အင်ဂျင်နီယာ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်သာဆောက်လုပ်ရမည်။
၁၉။ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် လျှပ်စစ်မီတာတပ်ဆင်ခြင်း၊ လျှပ်တာပြောင်း (ထရန်စဖော်မာ) တပ်ဆင်ခြင်း၊ အရေးပေါ်ထွက်ပေါက်တပ်ဆင်ခြင်း၊ ရေဆိုးစွန့်ပစ်ခြင်းနှင့် အမှိုက်စွန့်ပစ်စနစ်၊ မီးဘေး လုံခြုံရေးစနစ်၊ လမ်းတံတားဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။
၂ဝ။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်-
(က) အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း သုံးဆယ် အတွင်း ကော်မတီသို့စာဖြင့်တင်ပြရမည်။
(ခ) အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမှုနှင့်စပ်လျဉ်း၍ ကော်မတီ၏ စစ်ဆေးခြင်းကို ခံယူရမည်။
၂၁။ ကော်မတီသည် နည်းဥပဒေ ၂ဝ၊ နည်းဥပဒေခွဲ(က)အရ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးကြောင်း တင်ပြစာရရှိသည့်အခါ အင်ဂျင်နီယာဌာန(အဆောက်အအုံ)အား ယင်းအဆောက်အအုံကို ရက်ပေါင်းသုံးဆယ်အတွင်း စစ်ဆေး၍ စစ်ဆေးချက်အစီရင်ခံစာကို ကော်မတီသို့တင်ပြရန်ညွှန်ကြားရမည်။
၂၂။ ကော်မတီသည် စစ်ဆေးချက်အစီရင်ခံစာကို စိစစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ပြီးစီးပါက ယင်းအဆောက် အအုံတွင် လူနေထိုင်အသုံးပြုခွင့်ပေးခြင်း၊
(ခ) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲ ခြားနားစွာ ဆောက်လုပ်ထား ကြောင်း တွေ့ရှိပါက အဆောက်အအုံတွင် နေထိုင်အသုံးပြုခွင့်မပေးဘဲ ယင်းအဆောက်အအုံကို ခွင့်ပြုချက်ပုံစံနှင့် အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင် ဆောက်လုပ်ရန်ညွှန်ကြားခြင်း။
(ဂ) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားနေ သည်သာမက အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းတွေ့ရှိပါက ယင်းအဆောက် အအုံကို ခွင်ပြုချက်ပုံစံနှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင်ဆောက်လုပ်ရန် သို့မဟုတ် လိုအပ်ပါက ပုံစံကွဲလွဲဆောက်လုပ်မှုများအား ဖြိုဖျက်ရန်ညွှန်ကြားခြင်း။
၂၃။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် နည်းဥပဒေ ၂၂၊ နည်းဥပဒေ ခွဲ(ဂ)အရ ကော်မတီ၏ ညွှန်ကြားစာရရှိပြီး ရက်ပေါင်းသုံးဆယ်အတွင်း အဆောက်အအုံပုံစံ ပြင်ဆင်ခွင့်လျှောက်လွှာကို ကော်မတီသို့ တင်သွင်းရမည်။
၂၄။ ကော်မတီသည် နည်းဥပဒေ ၂၃ အရ တင်သွင်းလာသော လျှောက်လွှာကိုစိစစ်ပြီး သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လက်ဆောက်လုပ်ခွင့်ပြုရမည်။
၂၅။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် နည်းဥပဒေ ၂၂ ၊ နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ပြီးစီးလျှင် ယင်းသို့ ပြီးစီးသည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း ကော်မတီသို့စာဖြင့်တင်ပြရမည်။
၂၆။

ကော်မတီသည် ဆောက်လုပ်ခွင့်ပြုခဲ့သော အဆောက်အအုံကို စစ်ဆေးပြီးနောက် အောက်ပါအချက်များနှင့် ညီညွတ်ပါက ယင်းအဆောက်အအုံတွင် နေထိုင်အသုံးပြုခွင့်ပေးရမည်-

(က) ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ထားခြင်း၊
(ခ) အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကိုဖောက်ဖျက်မှုမရှိခြင်း။
၂၇။ ကော်မတီသည်-
(က) နည်းဥပဒေ ၂၂၊ နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ ပုံစံကွဲလွဲဆောက်လုပ်မှုများပြန်လည် ဖြိုဖျက်ရန် ညွှန်ကြားချက်ကို အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူက သတ်မှတ်ကာလအတွင်း လိုက်နာရန် ပျက်ကွက်လျှင် ထိုသူအား မည်သည့် အတွက်ကြောင့် ယင်းအဆောက်အအုံကို ဖြိုဖျက်ခြင်း မပြုသင့်ကြောင်း အချိန်ကာလသတ်မှတ်လျက် ဖြေရှင်းချက် တောင်းခံရမည် ။
(ခ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူ၏ ဖြေရှင်းချက်ကိုလက်မခံပါက ယင်း အဆောက်အအုံကို ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ခွင့်ရှိသည်။
၂၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင် နေကြောင်း သို့မဟုတ် ခွင့်ပြုချက်ရှိသော်လည်း သတ်မှတ်ခွင့်ပြုချက်အတိုင်းမဟုတ်ဘဲ ပုံစံကွဲလွဲ ဆောက်လုပ်နေကြောင်း သတင်းရရှိလျှင်သော်လည်းကောင်း၊ စစ်ဆေးတွေ့ရှိလျှင် သော်လည်းကောင်း အောက်ပါအတိုင်း စီမံခန့်ခွဲနိုင်သည်-
(က) ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်းကို လုပ်ငန်းရပ်ဆိုင်းထားပြီး ခွင့်ပြုချက်လျှောက်ထား ရန် သို့မဟုတ် ဖျက်သိမ်းရန်နှင့် မလိုက်နာက တရားစွဲမည်ဖြစ်ကြောင်း အကြောင်းကြားရမည်။
(ခ) ခွင့်ပြုချက်ရှိသော်လည်း ခွင့်ပြုပုံစံနှင့် ကွဲလွဲဆောင်ရွက်ခြင်းကို လုပ်ငန်းရပ်ဆိုင်းထားပြီး ခွင့်ပြုချက် ပြန်လည်လျှောက်ထားရန် သို့မဟုတ် ဖျက်သိမ်းရန်နှင့် မလိုက်နာက ဆောက်လုပ်ခွင့်ပယ်ဖျက်မည်ဖြစ်ပြီး တရားစွဲမည်ဖြစ်ကြောင်း အကြောင်းကြားရမည်။
(ဂ) နည်း ဥပဒေခွဲ(က)နှင့် (ခ)အရ ခွင့်ပြုချက်လျှောက်ထားလာပါက စိစစ်၍ ဆောက် လုပ်ခွင့်ပြုနိုင်သည်။
(ဃ) နည်းဥပဒေခွဲ (က)နှင့် (ခ)အရ အကြောင်းကြားချက်အား လိုက်နာခြင်းမရှိဘဲဆက်လက် ဆောင်ရွက် ပါက ကျူးလွန်သူ၊ အားပေးကူညီသူနှင့် တာဝန်ရှိသူကိုတရားစွဲဆို၍ အဆောက်အအုံ၏ အများမြင်သာ သောနေရာတွင်ဖြစ်စေ၊ မြေကွက်၏ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ အနီရောင်သတိပေးတားမြစ်ချက် ဆိုင်းဘုတ်ကို စွဲကပ်ထားရမည်။
(င) နည်းဥပဒေခွဲ (ဃ)အရ ကော်မတီက အရေးယူဆောင်ရွက်သည်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက် ဆောင်ရွက်လျှင် ကော်မတီက ဖွဲ့စည်းပေးထားသည့် ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့က လိုက်နာရန် ပျက်ကွက်သူထံ အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း သုံးဆယ်အတွင်း ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရန် အကြောင်းကြားရမည်။
(စ) နည်းဥပဒေခွဲ(င)အရ ထုတ်ဆင့်သည့် အကြောင်းကြားစာကို သက်ဆိုင်သူထံတစ်ကြိမ်သာ ပေးပို့ရန် ဖြစ်ပြီး သက်ဆိုင်သူက ယင်းအကြောင်းကြားစာကို လက်မခံဘဲ ငြင်းဆန်လျှင် အဆောက်အအုံ၏ အများမြင်သာသည့်နေရာတွင်ဖြစ်စေ၊မြေကွက်၏ ရှေ့ခြံစည်းရိုးတွင်ဖြစ်စေ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် တစ်ဦးဦး၏ ရှေ့မှောက်တွင် စွဲကပ်ရမည်။
(ဆ) အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှားရှင်းလင်းရမည့် နောက်ဆုံးသတ်မှတ်နေ့ရက်အထိ ဖျက်သိမ်း ဖယ်ရှားရှင်းလင်းခြင်းမရှိပါက အနီးကပ်ဆုံးအစိုးရအဖွဲ့၏ အစည်းအဝေးသို့တင်ပြပြီး ဖျက်သိမ်း ဖယ်ရှားရှင်းလင်းရေးအတွက် လုံခြုံရေးနှင့် အခြားလိုအပ်သောအကူအညီများတောင်းခံရမည်။ အဆိုပါ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ဖျက်သိမ်းဖယ်ရှားရှင်းလင်းမည့်နေရာသို့ သွားရောက်ပြီး အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ၀င်ရောက်လျက်ရှိသူများကို ၄င်းတို့၏ ပစ္စည်းများအားတစ်ပါတည်း သယ်ဆောင်ထွက်ခွာဖယ်ရှားရန် အချိန်သတ်မှတ်၍ အသံချဲ့စက်ဖြင့် သုံးကြိမ်သတိပေးနှိုးဆော်ရမည်။ တစ်ပါတည်း ယူဆောင်သွားခြင်းမရှိပါက အဆိုပါ ပစ္စည်းများနှင့် စပ်လျဉ်း၍ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့တွင် တာ၀န်မရှိစေရ။
(ဇ) အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ဝင်ရောက်လျက်ရှိသူများက ၄င်းတို့၏ အစီအစဉ်ဖြင့် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်း ပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံ သို့မဟုတ်အဆောက်အအုံတည်ရှိရာ မြေကွက်ကို ချိပ်ပိတ်ရမည်။
(စျ) အဆောက်အအုံအတွင်းရှိ နေထိုင်အသုံးပြုသူများနှင့် ဝင်ရောက်လျက်ရှိသူများက ၎င်းတို့၏ သဘောအလျောက် ထွက်ခွာပြီးလျှင်ဖြစ်စေ၊ ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်း ပြီးလျှင်ဖြစ်စေ အဆိုပါအဆောက်အအုံတစ်ခုလုံးကိုသော်လည်းကောင်း၊ အဆောက်အအုံ တစ်စိတ် တစ်ပိုင်းကိုသော်လည်းကောင်း၊ ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဖျက်သိမ်းရမည်။ ယင်းသို့ဖျက်သိမ်းရာမှထွက်ရှိလာသော အဆောက်အအုံ၏ အပိုင်း အစများကို ယင်းအဆောက်အအုံအတွင်း၌ဖြစ်စေ ယင်းအဆောက်အအုံတည်ရှိရာ မြေကွက်အတွင်း၌ ဖြစ်စေ၊ အခြားသင့်လျော်သည့်နေရာ၌ဖြစ်စေ၊ စုပုံထားရှိပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်း အဆောက်အအုံ တည်ရှိရာ မြေကွက်ကို ချိပ်ပိတ်ရမည်။ ချိပ်ပိတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံတည်ရှိရာ မြေကွက်ကို ပိုင်ရှင်မှ ပြန်လည်လျှောက်ထားလာပါက စိစစ်ပြီး ပြန်လည်လွှဲပြောင်းပေးနိုင်သည်။
(ည) နည်းဥပဒေခွဲ (စျ)အရ ဆောင်ရွက်ရသည့်အတွက် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူထံမှ တောင်းခံနိုင်သည်။
(ဋ) နည်းဥပဒေခွဲ (ည) အရ တောင်းခံသည့် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူမှ မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ် သကဲ့သို့ အရ တောင်းခံနိုင်သည်။
၂၉။ ကော်မတီသည် မိမိ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အအုံတစ်ခုခုနှင့် စပ်လျဉ်း၍ ငါးနှစ်အတွင်း ပြီးစီးအောင် ဆောင်လုပ်နိုင်ခြင်း မရှိကြောင်းတွေ့ရှိပါက ယင်းအဆောက်အအုံတည်ရှိရာဒေသ၏ ဗိသုကာဆိုင်ရာ လိုအပ်ချက်အပြင် မြို့တော်အင်္ဂါရပ်နှင့်လည်း ညီညွတ်စေရန် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် ရသူနှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ အဆောက်အအုံကို ပြီးစီးသည်အထိ ကြပ်မတ်၍ ဆက်လက် ဆောင်ရွက်စေနိုင်သည်။
၃ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သတ်မှတ်သည့် မြို့နယ်များအတွင်းရှိ အဆောက်အအုံ တစ်ခုခုနှင့် စပ်လျဉ်း၍ ယင်းအဆောက်အအုံတည်ရှိရာ လမ်း သို့မဟုတ် ဒေသ၏ ဗိသုကာဆိုင်ရာ လိုအပ်ချက်အရဖြစ်စေ၊ မြို့တော်မြင်ကွင်းသာယာလှပစေရန်အတွက်ဖြစ်စေ၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ဖြစ်စေ၊ အဆောက်အအုံ၌ တွယ်ကပ်သစ်ပင်ရှင်းလင်းခြင်း၊ ပြင်ဆင်ခြင်း၊ ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်း သို့မဟုတ် ဖြိုဖျက်ပြီး အသစ်ထပ်မံ ဆောက်လုပ်ခြင်းပြုလုပ်ရန် လိုအပ်သည်ဟု ယူဆပါကသက်ဆိုင်ရာ ပိုင်ရှင်(သို့မဟုတ်)နေထိုင်အသုံးပြုသူအား ညွှန်ကြားနိုင်သည်။
၃၁။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ (၃၀) အရ ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ သတ်မှတ် သည့်အချိန်အတွင်း ပြီးစီးစေရန် လိုက်နာဆောင်ရွက်ရမည်။ ပိုင်ရှင်(သို့မဟုတ်) နေထိုင်အသုံးပြုသူက နည်းဥပဒေ (၃ဝ) အရ ညွှန်ကြားချက်ကို လိုက်နာနိုင်သည့် အခြေအနေမရှိကြောင်း ပေါ်ပေါက်ပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) ကော်မတီ၏အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း၊
(ခ) ကုန်ကျစရိတ်ကို ပိုင်ရှင်သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံခြင်း၊
(ဂ) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့ အရတောင်းခံခြင်း။
၃၂။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနေရာတွင် မြေကွက်လပ်ဖြစ်နေသဖြင့် ယင်းမြေကွက်တည်ရှိရာ လမ်းသို့မဟုတ် ဒေသ၏ ဗိသုကာဆိုင်ရာ လိုအပ်ချက်အရဖြစ်စေ၊ မြို့တော်မြင်ကွင်း သာယာလှပစေရန် အတွက်ဖြစ်စေ၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက်ဖြစ်စေ အဆောက်အအုံဆောက်လုပ်ရန် လိုအပ်သည်ဟု ယူဆပါက ယင်းမြေကွက်ပေါ်တွင် ကော်မတီက သတ်မှတ်သည့် အဆောက်အအုံပုံစံအတိုင်း သတ်မှတ်ကာလအတွင်း ဆောက်လုပ်ရန် သတ်ဆိုင်ရာမြေကွက်ပိုင်ရှင်အား ညွှန်ကြားနိုင်သည်။
(ခ) နည်းဥပဒေခွဲ (က)အရ ညွှန်ကြားသော်လည်း သက်ဆိုင်ရာ မြေကွက်ပိုင်ရှင်က သတ်မှတ်သည့် ကာလအတွင်း အဆောက်အအုံကို ဆောက်လုပ်နိုင်ခြင်း မရှိလျှင် ပိုင်ရှင်နှင့် ညှိနှိုင်းသဘောတူညီချက် ရယူပြီး ယင်းမြေကွက်ပေါ်တွင် သင့်လျော်သည့် အဆောက်အအုံကိုဆောက်လုပ်ရန် စီစဉ်နိုင်သည်။
၃၃။ ကော်မတီသည် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူက အချိန်ကြာမြင့်စွာ ဆောက်လုပ်ခဲ့သော်လည်း မပြီးသေးသော အဆောက်အအုံများကို စစ်ဆေးပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) ဆက်လက်ဆောက်လုပ်နေသည့် အဆောက်အအုံသည် တည်ဆောက်မှုခိုင်ခံ့ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာပိုင်ရှင်အား သတ်မှတ်သည့်ကာလအတွင်း အပြီးဆောက်လုပ်ရန် ညွှန်ကြားခြင်း၊
(ခ) ဆောက်လုပ်နေသည့် အဆောက်အအုံသည် အချိန်ကြာမြင့်စွာ ရပ်နားထားမှုကြောင့် ဆောက်လုပ်ရေး ပစ္စည်းများ၏ စံချိန်စံညွှန်း မပြည့်မီ၍ နည်းပညာအရ ဆက်လက်ဆောက်လုပ်ရန် မသင့်ပါက ယင်းအဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ၊ တစ်ခုလုံးကိုဖြစ်စေ ဖြိုဖျက်ရန် သက်ဆိုင်ရာ ပိုင်ရှင်အား ညွှန်ကြားခြင်း။
(ဂ) နည်းဥပဒေခွဲ(ခ)အရ ညွှန်ကြားသော်လည်း သက်ဆိုင်ရာပိုင်ရှင်ကသတ်မှတ်ကာလအတွင်း ယင်း အဆောက်အအုံအား ဖြိုဖျက်ခြင်းမပြုပါက ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ရန်ဆောင်ရွက်ခြင်း။
၃၄။ ကော်မတီသည်-
(က) နယ်မြေဒေသအလိုက် ဆောက်လုပ်ရမည့် အဆောက်အအုံ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဇုန်များသတ်မှတ်ခြင်း၊ ကန့်သတ်ဧရိယာများ သတ်မှတ်ခြင်း၊ အဆောက်အအုံအမျိုးအစား ၊ပုံစံ၊ ပန္နက်ပုံစံ၊ အဆောက်အအုံ၏အမြင့်၊ အထပ်အရေအတွက်၊ အဆောက်အအုံ နယ်သတ်မျဉ်းကြောင်းနှင့် လမ်းနယ် သတ်မျဉ်းကြောင်း အကွာအဝေး၊ အခန်းတစ်ခန်း၏ အနည်းဆုံးရှိရမည့် ဧရိယာ၊ အသုံးပြုရမည့် အမျိုးအစားတို့ကို သတ်မှတ်ကြေညာနိုင်သည်။
(ခ) လူအများနေထိုင်သော အဆောက်အအုံတို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ လူတို့၏ အသက်အန္တရာယ် ကာကွယ်ရန်အလို့ငှာ လိုအပ်သည့်အစီအမံများ ထားရှိရန် ညွှန်ကြားနိုင်သည်။
၃၅။ ပိုင်ရှင်သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၃၄ အရ ကော်မတီ၏ သတ်မှတ်ချက်ကိုဖြစ်စေ၊ ကော်မတီ၏ ညွှန်ကြားချက်ကိုဖြစ်စေ လိုက်နာရမည်။
၃၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ရှေးဟောင်းလက်ရာအဖြစ် သတ်မှတ်သင့်သော အဆောက်အအုံများ ကို ရှေးဟောင်း လက်ရာအဆောက်အအုံဟု သတ်မှတ်နိုင်သည်။
၃၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ရှေးဟောင်းလက်ရာအဖြစ် သတ်မှတ်ထားသော အဆောက်အအုံ အား ပြင်ဆင်လိုပါက မူလပြင်ပပုံသဏ္ဌာန်နှင့် လက်ရာမပျက်ယွင်းစေဘဲ ပြင်ဆင်ခွင့်ပြုနိုင်သည်။
၃၈။ ကော်မတီသည် လမ်းနှစ်လမ်းထောင့်တွင် ဆောင်လုပ်မည့် အဆောက်အအုံ တစ်ခုခုကို ဗိသုကာဆိုင်ရာ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် လမ်းသွားလမ်းလာနှင့် ယာဉ်များအတွက် မြင်ကွင်းဖုံးကွယ်မှု မဖြစ်ပေါ်စေရန် အဝိုင်းပုံစံဖြစ်စေ၊ နောက်ဆုတ်၍ဖြစ်စေ၊ ညီညာစွာတိမ်းဖယ်၍ဖြစ်စေ၊ အခြားသင့်လျော်မည့်ပုံစံကိုဖြစ်စေ ဆောက်လုပ်ရန် ညွှန်ကြားနိုင်သည်။

အခန်း(၃)

လိုင်စင်ထုတ်ပေးခြင်း

၃၉။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း၊ အဆောက်အအုံ ဆောက်လုပ်မှုနှင့် ဆက်နွယ်သည့် လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများ အား သတ်မှတ်ထားသော အာမခံငွေ တင်သွင်းစေ၍ ကန်ထရိုက်တာအဖြစ် မှတ်ပုံတင်ပြီး လိုင်စင်ထုတ်ပေး နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို သတ်မှတ်ပေးရမည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရ သတ်မှတ်ပေးထားသည့် လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို တိုးမြှင့်သတ်မှတ်နိုင် သည်။
၄၀။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း၊ အဆောက်အအုံ ဆောက်လုပ်မှုနှင့် ဆက်နွယ်သည့် လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် အတွေ့အကြုံရှိသူများကို စိစစ်၍ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် မှတ်ပုံတင်ပြီးလိုင်စင်ထုတ်ပေးနိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို သတ်မှတ်ပေးရမည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရ သတ်မှတ်ပေးထားသည့် လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကိုတိုးမြင့်သတ်မှတ်နိုင်သည်။
၄၁။ ကော်မတီသည်-
(က) သတ်မှတ်ထားသော အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိသူများကို လိုင်စင်ရအင်ဂျင်နီယာအဖြစ် မှတ်ပုံတင်ပြီးလိုင်စင်ထုတ်ပေးနိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့်အဆင့်တို့ကို သတ်မှတ်ပေးရမည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရ သတ်မှတ်ပေးထားသည့် လိုင်စင်သက်တမ်းနှင့်အဆင့်တို့ကို တိုးမြင့် သတ်မှတ်နိုင်သည်။
၄၂။ လိုင်စင်ရ ကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက်အအုံ အင်ဂျင်နီယာ သို့မဟုတ် လိုင်စင်ရအင်ဂျင်နီယာသည် လိုင်စင်သက်တမ်းတိုးမြှင့်လိုလျှင် လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း သုံးဆယ် ကြိုတင်၍ သတ်မှတ်ချက် နှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။
၄၃။ ကော်မတီသည် လိုင်စင်ရ ကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက်အအုံ အင်ဂျင်နီယာ နှင့် လိုင်စင်ရအင်ဂျင်နီယာတို့၏ လုပ်ငန်းတာဝန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။
၄၄။ ဥပဒေပုဒ်မ ၅၃ ပုဒ်မခွဲ(ခ)အရ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်းခြင်းခံရသူသည် သတ်မှတ် ကာလကုန်ဆုံးသည့်အခါ လိုင်စင်ပြန်လည်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ကော်မတီသို့ လျှောက်ထားနိုင်သည်။
၄၅။ ကော်မတီသည် နည်းဥပဒေ (၄၄) အရ လျှောက်ထားသည့်လျှောက်လွှာကိုစီစစ်ပြီး သတ်မှတ်ချက်နှင့်ညီညွတ်ပါက သက်ဆိုင်ရာလိုင်စင်ကို ထုတ်ပေးနိုင်သည်။

အခန်း(၄)

ကော်မတီပိုင်အဆောက်အအုံများ

၄၆။ ကော်မတီသည် မိမိပိုင်အဆောက်အအုံများ ဆောက်လုပ်ရန်၊ ပြုပြင်မွမ်းမံရန်၊ ထိန်းသိမ်းရန်နှင့် ဖြိုဖျက်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ စီမံချက်ချမှတ်ခြင်း၊ ဦးစားပေးစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍရေးနှစ်အလိုက် လျာထား သတ်မှတ်ခြင်း၊ အဆောက်အအုံပုံစံထုတ်ခြင်း၊ ပန္နက်ပုံစံထုတ်ခြင်း၊ ပစ္စည်းစာရင်းရေးဆွဲခြင်းနှင့် အတည်ပြုချက်ပေးခြင်း တို့ကို ဆောင်ရွက်နိုင်သည်။
၄၇။ ကော်မတီသည်-
(က) အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖြိုဖျက်ခြင်းလုပ်ငန်းတို့ကို ဌာနဆိုင်ရာလုပ်ငန်းအနေဖြင့်ဖြစ်စေ၊ ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ မြေငှားစနစ်ဖြင့်ဖြစ်စေ၊ ဆောက်လုပ်၍ သတ်မှတ်ကာလအပိုင်းအခြားအတွင်း လုပ်ငန်းလုပ်ကိုင်ပြီး လွှဲပြောင်းပေးသည့်စနစ်ဖြင့်ဖြစ်စေ သင့်လျော် သလို ဆောက်လုပ်ခွင့်ပြုနိုင်သည်။
(ခ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ပါက ကော်မတီတွင် မှတ်ပုံ တင်ထားသော လိုင်စင်ရကန်ထရိုက်တာများထံမှ တင်ဒါစနစ်ဖြင့်ရွေးချယ်ပြီးဆောင်ရွက်ရမည်။

အခန်း(၅)

လူနေထိုင်ရန်မသင့်သည့်အဆောက်အအုံများ

၄၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ၏ ဥပစာမြေမျက်နှာပြင်သည် နိမ့်လွန်းနေသဖြင့် သို့မဟုတ် မြင့်လွန်းနေသဖြင့် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူတို့အတွက် ကျန်းမာရေးကိုထိခိုက်စေခြင်း၊ စိတ်ငြိုငြင် မှုဖြစ်စေခြင်း သို့မဟုတ် အဆောက်အအုံများခိုင်ခံ့မှုကို ထိခိုက်စေခြင်းဖြစ်နိုင်သည်ဟုယူဆပါက ယင်းအဆောက်အအုံ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား သတ်မှတ်သည့်ကာလအတွင်း ယင်းဥပစာ၏ မြေမျက်နှာပြင်ကို နှိမ့်ရန် သို့မဟုတ် မည်သည့်မြေအမျိုးအစားဖြင့် မည်သည့်အမြင့်အထိဖို့ရန် ညွှန်ကြားနိုင်သည်။
၄၉။ အဆောက်အအုံ၏ ဥပစာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၄၈ အရ ကော်မတီ၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ဖြေရှင်းချက်နှင့်အတူ သတ်မှတ်ရက်အတွင်းကော်မတီသို့ တင်ပြနိုင်သည်။
၅ဝ။ ကော်မတီသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်သည့်ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ယင်းမြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်းအတွက် အမှန်ကုန်ကျမည့် ခန့်မှန်းခြေငွေကို သတ်မှတ်ရက်အတွင်း ပေးသွင်းရန် အကြောင်းကြားနိုင်သည်-
(က) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်း မပြုသင့်ကြောင်း ဖြေရှင်းတင်ပြမှုမရှိခြင်း၊
(ခ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း ဖြေရှင်းတင်ပြသော်လည်း ဖြေရှင်းတင်ပြ ချက်သည် ခိုင်လုံမှုမရှိခြင်း၊
(ဂ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ကော်မတီ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် မှုမရှိခြင်း။
၅၁။ ကော်မတီသည်-
(က) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း ကုန်ကျမည့်ခန့်မှန်းခြေငွေကို မပေးသွင်းလျှင် သို့မဟုတ် သတ်မှတ်ရက်အတွင် မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ပျက်ကွက်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် သင့်လျော်သည့် ကာလအတွင်း မြေဖယ်ခြင်း သို့မဟုတ် သတ်မှတ်သည့် မြေအမျိုးအစားဖြင့် သတ်မှတ်သည့်အမြင့်အထိ မြေဖို့ခြင်းလုပ်ငန်းကိုဆောင်ရွက်နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ ကော်မတီ၏ အစီအစဉ်ဖြင့် မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက် ရာတွင် မြေဖယ်ခ သို့မဟုတ် မြေဖို့ခကုန်ကျစရိတ်ကို သက်ဆိုင်ရာမြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ ထံမှ တောင်းခံနိုင်သည်။
၅၂။ ကော်မတီသည် မြေမျက်နှာပြင် နိမ့်လွန်းနေသဖြင့် သို့မဟုတ် မြင့်လွန်းနေသဖြင့် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူတို့အတွက် ကျန်းမာရေးကိုထိခိုက်စေခြင်း၊ စိတ်ငြိုငြင်မှုဖြစ်စေခြင်း သို့မဟုတ် အဆောက်အအုံများ ခိုင်ခံ့မှုကို ထိခိုက်စေခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆသည့်မြေကွက်ပေါ်ရှိ အဆောက်အအုံ မီးလောင်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ပြိုကျပျက်စီးသွားလျှင် သတ်မှတ်ကာလအတွင်း ယင်းမြေကွက်ကို မြေဖယ်ရန် သို့မဟုတ် သတ်မှတ်မြေအမျိုးအစားဖြင့် သတ်မှတ်သည့်အမြင့်အထိ မြေဖို့ရန် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအားညွှန်ကြား နိုင်သည်။
၅၃။ မြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၅၂ အရ ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၅၄။ ကော်မတီသည် မြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ယင်းမြေကွက်ကို သတ်မှတ်ချက်နှင့်အညီ မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်း ပြုလုပ်ပြီးနောက်မှ ယင်းမြေကွက်ပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုချက် ထုတ်ပေးရန် သင့် မသင့်ဆုံးဖြတ်ရမည်။
၅၅။ ကော်မတီသည် အဆောက်အအုံတစ်ခု သို့မဟုတ် ယင်း၏အစိတ်အပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့်မ ညီညွတ်၍ လူနေထိုင်ရန် မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက လူနေထိုင်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား အကြောင်းကြားစာထုတ်ဆင့်နိုင်သည်။
၅၆။ သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၅၅ အရ ကော်မတီ၏ အကြောင်း ကြားစာပါအတိုင်း ဆောင်ရွက်ခြင်းမပြုသင့်ကြောင်း အကျိုးအကြောင်းဖော်ပြချက်နှင့်အတူ အကြောင်းကြားစာ ရရှိသည့် နေ့မှတစ်ဆယ့်ငါးရက်အတွင်း ကော်မတီသို့ ဖြေရှင်းတင်ပြနိုင်သည်။
၅၇။ ကော်မတီသည် နည်းဥပဒေ ၅၆ အရ သတ်မှတ်ရက်အတွင်း ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ဖြေရှင်းတင်ပြခြင်းမရှိလျှင်သော်လည်းကောင်း၊ ဖြေရှင်းတင်ပြချက်သည် ခိုင်လုံမှုမရှိလျှင်သော်လည်းကောင်း ယင်း အဆောက်အအုံ၌ နေထိုင်အသုံးပြုသူများအား ၎င်းတို့ပိုင်ပစ္စည်းများနှင့်အတူ ရက်ပေါင်းသုံးဆယ်အတွင်း ပြောင်းရွှေ့ ထွက်ခွာသွားရန် ညွှန်ကြားနိုင်သည်။
၅၈။ ကော်မတီသည် နည်းဥပဒေ ၅၇ အရ အဆောက်အအုံမှ ပြောင်းရွှေ့ထွက်ခွာသွားရန် ညွှန်ကြားလျှင် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်း၌ လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက် သင်္ကေတအမှတ်အသား ရေးမှတ်ထားရမည်။
၅၉။ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ၏ ဖြေရှင်းတင်ပြချက်အရ စိစစ်ပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းကို သင့်လျော်သည်အထိ ပြုပြင်လျှင် နေထိုင်အသုံးပြုနိုင်မည်ဟု ယူဆပါက လက်ရှိနေထိုင်အသုံးပြုသူများအား ပြောင်းရွှေ့ထွက်ခွာသွားစေခြင်းမပြုဘဲ လိုအပ်သောစည်းကမ်းချက်များ သတ်မှတ်၍ ဆက်လက်နေထိုင်အသုံးပြုခွင့်ပေးနိုင်သည်။
၆၀။ ကော်မတီသည် နည်းဥပဒေ ၅၇ သို့မဟုတ် နည်းဥပဒေ ၅၉ အရ ဆောင်ရွက်ပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ ပြန်လည်ပြုပြင် ခြင်းဖြင့်ဖြစ်စေ နေထိုင်အသုံးပြုရန် သင့်လျော်မည်ဟုယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား အကြောင်းကြားစာရရှိသည့်နေ့မှ ခြောက်လအတွင်း တည်​ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။
၆၁။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၆ဝ အရ ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၆၂။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းများနှင့့်် စပ်လျဉ်း၍ တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးကြောင်း စစ်ဆေးတွေ့ရှိရပါက မူလအနေထိုင်အသုံးပြုသူအား ပြန်လည်နေထိုင်အသုံးပြုခွင့်ပေးရမည်။
၆၃။ ကော်မတီသည် နည်းဥပဒေ ၆ဝ အရ ကော်မတီ၏ ညွှန်ကြားချက်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်သည့် ခြောက်လ ကာလကုန်ဆုံးသော်လည်း တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများကို လက်ခံကျေနပ်နိုင်သည်အထိ မဆောင်ရွက်လျှင်သော်လည်းကောင်း၊ ယင်းလုပ်ငန်းများ အတွက် သတ်မှတ်ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားခြင်းမပြုလျှင်သော်လည်းကောင်း သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို ရက်ပေါင်း သုံးဆယ်အတွင်း ဖြိုဖျက်ရန် ညွှန်ကြားနိုင်သည်။
၆၄။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ ပြန်လည်ပြုပြင်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်သည့်တိုင်အောင် နေထိုင်အသုံးပြုရန်မဖြစ်နိုင်ဟု ယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား အကြောင်းကြားစာရသည့်နေ့မှ ရက်ပေါင်းသုံးဆယ် အတွင်း ဖြိုဖျက်ရန်ညွှန်ကြားနိုင်သည်။
၆၅။ ကော်မတီသည် နည်းဥပဒေ ၆၃ သို့မဟုတ် နည်းဥပဒေ ၆၄ အရ သတ်မှတ်သည့်ရက်ပေါင်းသုံးဆယ်အတွင်း ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို ဖြိုဖျက်ခြင်းမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားခြင်းမပြုလျှင်သော်လည်း ကောင်း ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်နိုင်သည်။
၆၆။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံခြင်း၊
(ခ) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက မပေးပါက ဖြိုဖျက်ထားသော အိမ်ဆောက် ပစ္စည်းများကို လေလံတင်ရောင်းချပြီး ကုန်ကျစရိတ်ကို နုတ်ယူ၍ပိုငွေကို ပိုင်ရှင်အား ပြန်ပေးခြင်း၊
(ဂ) ကုန်ကျစရိတ်သည် လေလံတင် ရောင်းချရငွေထက် ပိုမိုနေပါက ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြု သူထံမှ လိုငွေကို သတ်မှတ်ကာလအတွင်း ထပ်မံပေးသွင်းရန်တောင်းခံခြင်း၊
(ဃ) နည်းဥပဒေခွဲ (ဂ) အရ တောင်းခံသည့်လိုငွေကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ် ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့အရ တောင်းခံနိုင်ခြင်း။
၆၇။ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက လုံလောက်သည့် အကြောင်းပြချက်ဖြင့် အဆောက် အအုံဖြိုဖျက်ရန် သတ်မှတ်ထားသည့် ရက်ပေါင်း သုံးဆယ်ထက် ပိုမို၍ အချိန်ကာလတိုးမြှင့်ပေးရန် လျှောက်ထားလာပါက သင့်လျော်သည့် အချိန်ကာလကို တိုးမြှင့်ပေးနိုင်သည်။
၆၈။ ကော်မတီသည် အဆောက်အအုံတစ်ခုဖြစ်စေ၊ ယင်း၏နံရံဖြစ်စေ၊ ယင်း၏အဓိကအစိတ်အပိုင်းများဖြစ်စေ၊ ယင်းနှင့်ဆက်စပ်နေသော အစိတ်အပိုင်းတစ်ခုခုဖြစ်စေ ယိုယွင်းပျက်စီးနေသည့် သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင်ရှိသည်ဟု တွေ့ရှိရပါက အများပြည်သူ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယင်းအဆောက်အအုံကို အဆောတလျင် ဖြိုဖျက်ရန် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ညွှန်ကြားနိုင်သည်။
၆၉။ ကော်မတီသည်-
(က) နည်းဥပဒေ ၆၈ အရ ဖော်ပြသည့် အဆောက်အအုံသည် မလွဲမသွေ ပြိုကျပျက်စီး၍ ဘေး အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီဟု ယူဆလျှင်ဖြစ်စေ၊ လိုအပ်ချက်အရ သက်ဆိုင် ရာမှ ဖယ်ရှားရန် အကြောင်းကြားသော်လည်း ဖယ်ရှားခြင်းမပြုလျှင်ဖြစ်စေ၊ အရေးပေါ် အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်လျှင်ဖြစ်စေ ယင်းအဆောက်အအုံအား ဖြိုဖျက်ရန် အကြောင်းကြားစာမထုတ်ဆင့်ဘဲ အဆောက်အအုံတွင် နေထိုင်သူများနှင့် ယင်းတို့ပိုင်ပစ္စည်းအားလုံးကို အင်အားသုံး၍ဖယ်ရှားပြီး ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်နိုင်သည်။
(ခ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက အဆောက်အအုံကို ဖြိုဖျက်ရန် ဆန္ဒရှိကြောင်း လျှောက်ထားလျှင် လိုအပ်သောစည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ဂ) နည်းဥပဒေခွဲ (က)အရ ကော်မတီ၏ အစီအစဉ်ဖြင့် အဆောက်အအုံအား ဖြိုဖျက်ရာ တွင် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံနိုင်သည်။
(ဃ) နည်းဥပဒေခွဲ (ဂ)အရ တောင်းခံသည့်ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ် ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့ အရတောင်းခံ နိုင်သည်။
၇၀။ ကော်မတီသည် အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ခြံဝင်းတစ်ခုတွင်ဖြစ်စေ ချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက် နေခြင်း၊ ကျန်းမာရေးထိခိုက်စေသည့် အနံ့ဆိုးများထွက်နေခြင်း သို့မဟုတ် ခြံစည်းရိုးပေါက်ပြဲပျက်စီးနေခြင်းကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများအား အနှောင့်အယှက်ဖြစ်စေသည်ဟုယူဆပါကယင်းအဆောက်အအုံ သို့မဟုတ် ခြံဝင်းကို ရှင်းလင်းစေရန်၊ ခြံစည်းရိုး ပြင်ဆင် ကာရံစေရန် သို့မဟုတ် သန့်ရှင်းရေးပြုလုပ်စေရန် ပိုင်ရှင် သို့မဟုတ် နေထိုင် အသုံးပြုသူအား ညွှန်ကြားနိုင်သည်။
၇၁။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၇ဝ အရ ကော်မတီက ထုတ်ဆင့်သည့် ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ရမည်။

အခန်း(၆)

ကျူးကျော်ခွန် ကောက်ခံခြင်း

၇၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ကျူးကျော် ဆောက်လုပ် ထားပြီးဖြစ်သော စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓာတ်ဆီဆိုင်၊ ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီမဏ္ဍပ် သို့မဟုတ် အခြား အဆောက်အအုံတစ်ခုခုကို ကျူးကျော်ခွန်ကောက်ခံရယူပြီး ဆက်လက်တည်ရှိခွင့် ပြုနိုင်သည်။ လိုအပ်ပါက ပြန်လည် ဖျက်သိမ်းရန် ညွှန်ကြားနိုင်သည်။
၇၃။ နည်းဥပဒေ ၇၂ ပါ ကျူးကျော်အဆောက်အအုံ တစ်ခုခုကို မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ဆောက်လုပ်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။
၇၄။ ကော်မတီသည် နည်းဥပဒေ ၇၃ အရ ကျူးကျော်ခွန်ကောက်ခံရာတွင် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် အစိတ်အပိုင်း၏ ထုထည် သို့မဟုတ် ဧရိယာပေါ်မူတည်၍တွက်ချက်ရမည်။
၇၅။ ကော်မတီသည်-
(က) အဆောက်အအုံများဆောက်လုပ်ရာတွင် သုံးစွဲသည့်ဆောက်လုပ်ရေးပစ္စည်းများကိုကော်မတီပိုင်လမ်းပေါ်တွင် စုပုံထား ရန် ယာယီအစီအစဉ်ဖြင့် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ခ) နည်းဥပဒေခွဲ (က) အရ ခွင့်ပြုရာတွင် လမ်းသွားလမ်းလာတို့၏ သွားလာမှုကို မထိခိုက်စေရန် ယာဉ်သွား လမ်း၊ လမ်းပခုံးသား၊ ပလက်ဖောင်း၊ ရေမြောင်းတို့၏အကျယ်အဝန်းကို စိစစ်ပြီး အတိုင်းအတာသတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ဂ) နည်းဥပဒေခွဲ (က) အရ ခွင့်ပြုရာတွင် ခွင့်ပြုသည့်ကာလကို တစ်ပါတည်း သတ်မှတ်နိုင်သည်။
(ဃ) သတ်မှတ်သည့်ခွင့် ပြုကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းမပြီးသေးပါက ဆောက်လုပ်ရေးပစ္စည်းများ စုပုံခွင့်ကို စည်းကမ်းချက်များသတ်မှတ်၍ ကာလတိုးမြှင့်ပေးနိုင်သည်။
၇၆။ နည်းဥပဒေ ၇၅၊ နည်းဥပဒေခွဲ (က) အရ ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ကို အများပြည်သူမြင်နိုင်စေရန် ဆောက်လုပ်ရေးပစ္စည်းစုပုံသည့်နေရာတွင် ခွင့်ပြုသည့်ကာလနှင့် ခွင့်ပြုသည့်အကျယ်အဝန်း၊ အတိုင်းအတာကို ဖော်ပြ ချိတ်ဆွဲထားရှိရမည်။
၇၇။ ကော်မတီသည်-
(က) ကော်မတီပိုင် လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်း စုပုံကျူးကျော်ခွန်ကို ဧရိယာအပေါ်အခြေခံ၍ စည်းကြပ် ကောက်ခံ နိုင်သည်။
(ခ) ဆောက်လုပ်ရေးပစ္စည်း စုပုံကျူးကျော်သည့် အချိန်ကာလအပေါ်မူတည်ပြီး ကျူးကျော်ခွန်ကို တိုးမြှင့် စည်းကြပ် ကောက်ခံနိုင်သည်။
(ဂ) လိုအပ်ပါက စုပုံကျူးကျော်ခွင့်ကို ပြန်လည်ပယ်ဖျက်နိုင်သည်။

အခန်း (၇)

ဆိုင်းဘုတ်နှင့်ကြော်ငြာများ

၇၈။ မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများ၊ ဓါတ်အားပေးတိုင်များ၊ တယ်လီဖုန်းတိုင်များ၊ တံတားများ ပေါ်တွင်ဖြစ်စေ၊ အစိုးရဌာန၊ အဖွဲ့အစည်းဆိုင်ရာ မြေကွက်များ၊ ပုဂ္ဂလိကပိုင်မြေကွက်များ သို့မဟုတ် တိုက်နံရံ များ ပေါ်တွင်ဖြစ်စေ၊ မြို့တော်နယ်နိမိတ်အတွင်း ပြေးဆွဲနေသော ယာဉ်များ သို့မဟုတ် မြို့ပတ် မီးရထားများတွင် ဖြစ်စေ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ ကြော်ငြာဆိုင်းဘုတ်တပ်ဆင်ခြင်း၊ ကြော်ငြာကပ်ခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း သို့မဟုတ် ကြော်ငြာရေးဆွဲခြင်း ပြုလုပ်လိုသူသည် ခွင့်ပြုချက်ရရှိရန် ကြော်ငြာဆိုင်းဘုတ် သို့မဟုတ် ကြော်ငြာနမူနာပုံစံပူးတွဲ၍ သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့လျှောက်ထားရမည်။
၇၉။ ကော်မတီသည်-
(က) နည်းဥပဒေ ၇၈ အရ လျှောက်လွှာလက်ခံရရှိသည့်အခါ စိစစ်ပြီးခွင့်ပြုခြင်း သို့မဟုတ်ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ခွင့်ပြုမိန့်ရရှိသူထံမှ သတ်မှတ်ထားသည့် ကြော်ငြာခွန် လက်ခံရရှိလျှင် ခွင့်ပြုချက်ထုတ်ပေးရမည်။
၈၀။ ကော်မတီသည်-
(က) ကြော်ငြာဆိုင်းဘုတ်များနှင့် ကြော်ငြာစင်များ ခိုင်ခံ့မှု ရှိမရှိနှင့်မြို့တော်၏ သာယာလှပမှုကို ထိခိုက်စေခြင်း ရှိမရှိတို့ကို အခါအားလျော်စွာ စစ်ဆေးရမည်။
(ခ) လိုအပ်ပါက ပြင်ဆင်မွမ်းမံရန် သို့မဟုတ် အသစ်ပြုလုပ်ရန် သို့မဟုတ် ဖြုတ်သိမ်းရန်သက်ဆိုင်သူအား ညွှန်ကြားနိုင်သည်။
(ဂ) လိုအပ်ပါက ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ရေးဆွဲခြင်းဆောင်ရွက်ခြင်း မပြုရမည့် နယ်မြေ၊ အဆောက်အအုံ၊ သစ်ပင်၊ နံရံနှင့် တိုင်စသည်များ သတ်မှတ်နိုင်သည်။
၈၁။ ကော်မတီသည် ခွင့်ပြုချက်မရှိဘဲ တပ်ဆင်ထားသည့် ကြော်ငြာများ၊ ခိုင်ခံမှုနှင့် အမြင်တင့်တယ်ခြင်း မရှိသည့် ကြော်ငြာများ ကို ကော်မတီ၏ အစီအစဉ်ဖြင့် ဖြုတ်သိမ်းနိုင်သည်။ ယင်းသို့ ဖြုတ်သိမ်းရာတွင် ဖြုတ်သိမ်းသည့် ပစ္စည်းများနှင့် စပ်လျဉ်း၍ ကော်မတီတွင် တာဝန်မရှိစေရ။

အခန်း(၈)

တားမြစ်ချက်များ

၈၂။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်းများ၊ တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် ယင်းတို့၏အစိတ်အပိုင်းများတွင်လည်းကောင်း၊ အခြားအဆောက်အအုံနှင့် ယင်းတို့၏အစိတ် အပိုင်းများတွင်လည်းကောင်း အများပြည်သူ၏မြင်ကွင်း၌ ဆေးခြယ်ခြင်း၊ စာလုံးများရေးသားခြင်းနှင့် ရုပ်ပုံများရေးဆွဲ ခြင်းမပြုလုပ်ရ။
၈၃။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးခြင်း၊ မူလကြံ့ခိုင်မှုလျော့နည်းအောင်ဆောင်ရွက်ခြင်းမပြုရ။
၈၄။ မည်သူမျှ ဆောက်လုပ်၍မပြီးစီးသေးသည့် အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင်ဖြစ်စေ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရ။
၈၅။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ၏ နေရောင်ကာ၊ ကွန်ကရစ်ပန်း၊ ကွန်ကရစ်ဖောင်းလိုင်း၊ လေအေးပေးစက်နှင့် ယင်းကဲ့သို့ အလားတူ ပစ္စည်းများအား မိမိပိုင်နယ်နိမိတ်မှ ကျော်လွန်တပ်ဆင်ခြင်း မပြုရ။
၈၆။ မည်သူမျှ ကော်မတီက ပြန်လည်ပြုပြင်ရန်ညွှန်ကြားထားသည့် အဆောက်အအုံအတွင်း ပြန်လည်ပြုပြင်ခြင်း မပြုမီ နေထိုင်ခြင်း မပြုရ။
၈၇။ မည်သူမျှ ကော်မတီက ပြန်လည်ပြုပြင်ရန် ညွှန်ကြားထားသည့် အဆောက်အအုံကို ပြန်လည်ပြုပြင်ရန် ပျက်ကွက်ခြင်း မရှိစေရ။
၈၈။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ငါးနှစ်အထိ သက်တမ်းတိုးမြင့်၍ ဆောက်လုပ်ခွင့်ပြုသော်လည်း ပြီးစီးအောင် ဆောက်လုပ်နိုင်ခြင်းမရှိသဖြင့် ကော်မတီမှ နောက်ဆုံးတိုးမြှင့်သတ်မှတ်ပေးသည့်အချိန်အတွင်း ပြီးစီးအောင် ဆောက်လုပ်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရ။
၈၉။ မည်သူမျှ ကော်မတီက မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနေရာတွင် မြေကွက်လပ်ဖြစ်နေသဖြင့် ယင်းမြေကွက် တည်ရှိရာလမ်း သို့မဟုတ် ဒေသ၏ဗိသုကာဆိုင်ရာ လိုအပ်ချက်အရဖြစ်စေ၊ မြို့တော်မြင်ကွင်းသာယာလှပစေရန် အတွက်ဖြစ်စေ၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက်ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ရန် လိုအပ်သည်ဟု ယူဆပါက ယင်းမြေကွက်ပေါ်တွင် ကော်မတီက သတ်မှတ်သည့် အဆောက်အအုံပုံစံအတိုင်း သတ်မှတ်ကာလအတွင်း ဆောက် လုပ်ရန် ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်ခြင်း မရှိစေရ။
၉၀။ မည်သူမျှ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဖော်ပြ ချိတ်ဆွဲထားခြင်းမပြုဘဲ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းမပြုရ။
၉၁။ မည်သူမျှ အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းဆိုင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို မထိခိုက်စေရန် ကော်မတီ၏ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။
၉၂။ မည်သူမျှ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရာတွင် လျှပ်စစ်မီတာတပ်ဆင်ခြင်း၊ လျှပ်တာပြောင်း (ထရန်စဖော်မာ) တပ်ဆင်ခြင်း၊ အရေးပေါ်ထွက်ပေါက်တပ်ဆင်ခြင်း၊ ရေဆိုးစွန့်ပစ်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ မီးဘေးလုံခြုံရေး စနစ်ဆောင်ရွက်ခြင်း၊ လမ်းတံတားဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ နှင့် အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။
၉၃။ မည်သူမျှ ကော်မတီ၏ အဆောက်အအုံ၌ တွယ်ကပ်သစ်ပင်ရှင်းလင်းရန်၊ ပြင်ဆင်ရန်၊ ထုံးသုတ်ရန်၊ ဆေးသုတ်ရန်နှင့် ဖြိုဖျက်ပြီး အသစ်ထပ်မံဆောက်လုပ်ရန် စသည့် ညွှွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရ။
၉၄။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်ဖြင့် အဆောက်အအုံတစ်ခုခုအား ဝင်ရောက်တိုင်းတာစစ်ဆေး မည့်အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဝင်များအား ဟန့်တားနှောင့်ယှက်ခြင်းမပြုရ။
၉၅။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ၂ဝ၁၃ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း(၉)

အထွေထွေ

၉၆။ ကော်မတီသည် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်နေသော အဆောက်အအုံကို ဆက်လက်ဆောက်လုပ်ခြင်း မပြုစေရန် ခိုင်လုံသော အကြောင်းပြချက်နှင့် အထောက်အထားရှိလျှင်သော်လည်းကောင်း၊ အဆောက်အအုံဆောက် လုပ်ခွင့်ရသူသည် ခွင့်ပြုမိန့်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင်သော်လည်းကောင်း ခွင့်ပြုမိန့်ကို ကာလ အကန့် အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
၉၇။ ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းခံရသူသည် ခွင့်ပြုမိန့်ပြန်လည်ရရှိရန် ကော်မတီသို့ လျှောက် ထားနိုင် သည်။
၉၈။ ကော်မတီသည် နည်းဥပဒေ (၉၇) အရ လျှောက်ထားသည့်လျှောက်လွှာကို စိစစ်ပြီး သတ်မှတ်ချက်နှင့် ညီညွတ်ပါက ခွင့်ပြုမိန့်ကို ပြန်လည်ထုတ်ပေးနိုင်သည်။
၉၉။ ဤနည်းဥပဒေများပါ ပြဌာန်းချက်များအရ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးရန်၊ မြေတိုင်းတာရန် သို့မဟုတ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြီးကြပ်ရန် ကော်မတီက တာဝန်ပေးအပ်ခြင်း ခံရသည့် စည်ပင်သာယာဝန်ထမ်းသည် ရပ်ကွက် လူကြီးနှစ်ဦးနှင့် အတူသက်ဆိုင်ရာအဆောက်အအုံ သို့မဟုတ် မြေနေရာ အတွင်းသို့ ဝင်ရောက်ခွင့်ရှိသည်။
၁၀၀။ ကော်မတီသည် အစိုးရဌာနအဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက် အရဖြစ်စေ အဆောက်အအုံတစ်ခုခုအား တိုင်းတာစစ်ဆေးရန် လိုအပ်ပါက ဝင်ရောက် တိုင်းတာစစ်ဆေးနိုင်သည်။
၁၀၁။ ကော်မတီ၏ ခွင့်ပြုချက်အရ ဆောင်ရွက်သော တိုင်းတာစစ်ဆေးရေး အဖွဲ့သည် တိုင်းတာစစ်ဆေး ရမည့် အဆောက်အအုံသို့ ဝင်ရောက်တိုင်းတာစစ်ဆေးခွင့်ရှိသည်။
၁၀၂။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိ လက်အောက်ရှိ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
၁၀၃။ ကော်မတီသည် ဤနည်းဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများထံမှ တောင်းခံနိုင်သည်။
၁၀၄။ ကော်မတီသည် ဤနည်းဥပဒေများပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သည်။
လှမြင့်
ဥက္ကဋ္ဌ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC