နိုင်ငံဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၂)

၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။

ဤဥပဒေကို နိုင်ငံဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

နိုင်ငံ့၀န်ထမ်းဥပဒေ ပုဒ်မ ၂ တွင်--

 

(က)

ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည် - -

 

 

“(ဃ)

(၁)

 ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး ဆိုသည်မှာ လွှတ်တော် အသီးသီးက ရွေးချယ်တာဝန်ပေးအပ်သော လွှတ်တော်အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများကို ဆိုသည်။

 

 

 

(၂)

ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်း အဖွဲ့အစည်း တစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးအဖြစ် တာဝန် ပေးခန့်အပ်ခြင်းခံရသူကို ဆိုသည်။”

 

(ခ)

ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

 

“(င)

ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူး တစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်း မရှိစေရ။”

 

(ဂ)

ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

 

 

“(စ)

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီး ဌာနအသီးသီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးဌာန အသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို ဆိုသည်။ ယင်းစကားရပ် တွင် ဤဥပဒေပါ ကိစ္စအလို့ငှာ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး၊ လွှတ်တော် ရုံးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်ကောင်စီ ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ရုံး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးနှင့် ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၏ ရုံးများလည်းပါဝင်သည်။”

၃။

နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“(က)

သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးသည် ဝန်ထမ်း အဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်း အမျိုးအစားအလိုက် သတ်မှတ်သည့် ပြန်တမ်း ဝင်အရာရှိအဆင့် စတင်ခန့် ရာထူးအတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ဝန်ထမ်းများကို ခန့်ထားရမည်။”

၄။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) တွင်ပါရှိသော“ပြည်ထောင်စု အစိုးရအဖွဲ့” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စု အစိုးရအဖွဲ့ရုံး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဌ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“(ဌ)

ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။”

၆။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၅ တွင်ပါရှိသော “ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်” ဆိုသည့်စကားရပ်ကို “ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက လုပ်ပိုင်ခွင့် အပ်နှင်းခြင်း ခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၇။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“၁၇။

ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ကို တောင်းခံပိုင်ခွင့် ရှိသည်။”

၈။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

၂၂။

ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်ပြည့်သည့် နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ပျမ်းမျှလစာဖြင့် ခံစားနိုင်သည်။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို အချိန်မီ တောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့်ရှိသူက တောင်းခံသည့် ခွင့်ကာလ တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အများပြည်သူ အကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့် ခွင့်ကာလကို အငြိမ်းစားယူရမည့် နေ့ရက်မှစ၍ စတင် ခံစားခွင့်ရှိသည်။”

၉။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၄ ၏ နောက်တွင် ပုဒ်မ ၂၄-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

 

“၂၄-က။

ဝန်ထမ်းသည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှု အပေါ် မူတည်၍ သက်ဆိုင်ရာအရည်အချင်း စစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြောက်စား သည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။”

၁၀။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၃ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၄၆ တို့တွင်ပါရှိသော “ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး” ဆိုသည့် စကားရပ်ကို “ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၄၈ ပုဒ်မခွဲ (ဃ) တွင်ပါရှိသော “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့် စကားရပ်ကို “သက်ဆိုင်ရာဝန်ကြီးဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း အသီးသီး အစားထိုးရမည်။

၁၁။

နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၄၁ ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“၄၁။

ခိုင်လုံသော အထောက်အထားများအရ အပြစ်ရှိကြောင်း ပေါ်လွင် ထင်ရှားနေသည့် ကိစ္စတွင် ဝန်ထမ်းအား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။”

၁၂။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၄၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“၄၉။

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသည် ဌာနဆိုင်ရာ စစ်ဆေးမှုနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ပြီး အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာ ဝန်ထမ်းထံသို့ ပေးပို့ရမည်။ ထိုအမိန့်ကို မကျေနပ်ပါက အမိန့်စာကို လက်ခံ ရရှိသည့် နေ့ရက်မှစ၍ ခြောက်လအတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ အယူခံလွှာ တင်သွင်းနိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။”

၁၃။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၀ ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“၅၀။

ပုဒ်မ ၄ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်း များတွင် ခန့်ထားခြင်းခံရသော ဝန်ထမ်းများအား ဌာနဆိုင်ရာ စစ်ဆေးမှုနှင့် စပ်လျဉ်း၍ ချမှတ်သည့်အမိန့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၊ ဝန်ထမ်း ထံသို့ ပေးပို့ရမည်။ ထိုအမိန့်ကို မကျေနပ်ပါက အမိန့်စာကို လက်ခံရရှိ သည့် နေ့ရက်မှစ၍ ခြောက်လ အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးထံ အယူခံလွှာ တင်သွင်းနိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။”

၁၄။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၈ တွင်ပါရှိသော “အငြိမ်းစားယူနိုင်ခွင့်ရှိသည့် လုပ်သက်ပြည့်သောအခါ” ဆိုသည့်စကားရပ်ကို “လုပ်သက်နှစ် ၃၀ ပြည့်သော အခါ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -

 

“၆၂။

ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင်ခံစားခွင့် တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရ။”

၁၆။

နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၆၄ တွင်ပါရှိသော “လျော်ကြေးပင်စင်ခံစားခြင်း၊ ကွယ်လွန် အနိစ္စရောက်ခြင်း တစ်ခုခုဖြစ်ပါက လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့် တို့ကို ရခွင့်ရှိသည်” ဆိုသည့် စကားရပ်ကို “လျော်ကြေး ပင်စင် ခံစားခြင်း၊ လျှော့ပေါ့ ပင်စင်ခံစားခြင်း၊ ကွယ်လွန် အနိစ္စရောက်ခြင်း တစ်ခုခုဖြစ် ပါက လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့်တို့ကို ရခွင့်ရှိသည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၇။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၄ တွင်ပါရှိသော “သက်ဆိုင်ရာ ဝန်ကြီးဌာနက” ဆိုသည့် စကားရပ်ကို “သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

             

 (ပုံ) ထင်ကျော် 

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 

 

 

 

 

 

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC